တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်‌ရေး အသိပညာပေး‌‌ဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ လူကုန်ကူးမှုအန္တရာယ်မကျရောက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်အတွက်  လူကုန်ကူးမှုတားဆီးကာကွယ်‌ ရေးအသိပညာပေးဟောပြောပွဲကို  ယမန်နေ့  နံနက် ၁၀ နာရီအချိန်က  အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဝင်းမင်းသန်းက လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည့်ပြစ်ဒဏ်များ၊ သတိပြုရမည့်အချက်များအ‌ကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌ဆွေနှင်းက မြန်မာနိုင်ငံ၏လူကုန်ကူးခံရမှု အခြေအနေ၊ မြန်မာနိုင်ငံ၌ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးခြင်းကြောင့်ရရှိနိုင်သောဆိုးကျိုးများအကြောင်း အစရှိသည်ဖြင့် ဟောပြောခဲ့ပါသည်။

 အဆိုပါ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရာက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသ ရရှိစေမည့် စာအုပ်စာစောင်များပြသထားရှိရာ တက်‌ရောက်လာသူများနှင့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့‌ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက် )