မော်လမြိုင် စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးသစ်စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အဆင့်မြင့်ငါးဈေးသစ်စီမံကိန်းဝင်းအတွင်း၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ငါးဈေးသစ်စီမံကိန်းတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့ ရွှေတောင်ကျောင်းတိုက် ဦးစီးပဓာနနာယက(ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တဝိမလ ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်သံဃာတော်အရှင်သူမြတ်များထံ ပန္နက်တိုင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မင်္ဂလာအချိန်တွင် ငါးစျေးသစ်ဆောက်လုပ်မည့်မြေနေရာအတွင်း သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များအား (၉)ကြိမ်စီရိုက်သွင်းခဲ့ကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးကာ မင်္ဂလာပရိတ်ပန်းစည်းအား မင်္ဂလာရွှေပန္နက်တိုင်၌ ရွှေကြိုးဖြင့်ချည်နှောင်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ မွန်ပြည်နယ်လွှတ်တော်ရုံးသို့ ရောက်ရှိခဲ့ကြပြီး လွှတ်တော်ရုံးအဆောက်အဦ ပုရဝုဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ်စနစ်တကျရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ပေးကြရန်၊ ရုံးသုံးပရိဘောဂပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိ အသုံးပြုရေး၊ ရုံးစာရွက်စာတမ်းများ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေး၊ မိုးရာသီကာလ ရေစိမ့်ကျသည့်နေရာများအား ပြုပြင်နိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ဧည့်ခန်းမဆောင်နှင့် နားနေခန်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)