ပျော်ဘွယ် စက်တင်ဘာ ၁၉
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းသုတပြိုင်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာပေများကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များရရှိစေရေး၊ အမှားအမှန်ကို ကောင်းမွန်စွာဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း၊ ဆက်လက်၍ အဆိုပါကျောင်းသား၊ ကျောင်းသူများဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)