ကျောက်ဆည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းလာစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော်ပြီး အရင်းအပျောက်မတည်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့မွန်လွဲပိုင်းက ရွာသစ်ကျေးရွာတွင် (ဒဿမ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီအနေဖြင့် ပြည်သူများနှင့်အတူ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြစိမ်းရောင်စီမံကိန်းငွေများအား တာဝန်ရှိသူများနှင့်အတူ ရွာသစ်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ(၄၄)ဦးအား ငွေကျပ်(၂၂၉)သိန်း၊ ငါးသောင်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ(၁၀၉)ဦးအား ငွေကျပ် (၃၅၃)သိန်းကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၃)ဦးအား ငွေကျပ်(၆၅)သိန်း၊ ငါးသောင်းကျပ် အသီးသီး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရွာသစ်ကျေးရွာတွင် အိမ်ခြေ(၁၆၁)အိမ်၊ အိမ်ထောင်စု(၁၆၈)စု၊ လူဦးရေ(၉၆၇)ဦး နေထိုင်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားကာ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများ တွဲဘက်လုပ်ကိုင်ကြပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဩဂုတ် (၁၂)ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)