ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆန်ဖူလုံရေးနှင့် စားသုံးဆီဖူလုံရေးအတွက် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်‌ရေးနှင့် ခေတ်မီ ဆန်စက်/ ဆီစက်များဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိ သူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး ပူတာအိုမြို့နယ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများသည် စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပူတာအို မြို့နယ်၊ ရေကျော်ဒီကျေးရွာသို့ သွားရောက်ပြီး အဆိုပါကျေးရွာအတွင်း မိသားစု တစ်ပိုင်တစ်နိုင် MSME လုပ်ငန်းတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင် ဦးစောဇော်မင်းထွန်း၏ နာမ်လိခ မုန့်မျိုးစုံထုတ်လုပ်ရေးလုပ်ငန်း၌ မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ ကျေးရွာအတွင်း ပိုင်ရှင် ဦးဂျေဆီးရဲ့၏ နေအိမ်၌ မိသားစု တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်ရေအားလျှပ်စစ်ငယ်ဖြင့် တည်ထောင်ဆောင်ရွက်လျက်ရှိသည့် ဆီစက်၌ ဒေသထွက် မြေပဲနှင့် မုန်ညှင်းဆီများအား ကြိတ်ခွဲလည်ပတ်ထုတ်လုပ်နိုင်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါ တစ်ပိုင်တစ်နိုင် MSME လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းရရှိမှု အခြေအနေများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သည့် အခြေအနေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမတည်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ ကာ ဆီစက်ပိုင်ရှင်မိသားစုအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

ထိုမှတစ်ဆင့် ဒုတ္ထန်ရပ်ကွက်အတွင်းရှိ ရဝမ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်းသို့ သွားရောက်ပြီး ရဝမ်ရိုးရာမနောကွင်းအဝင် မုဒ်ဦးအား ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာဦးဆောင်းပုံစံတည် ဆောက်နေမှု အခြေအနေနှင့် ရိုးရာယဉ်ကျေးမှုပြတိုက်အနီး မျှော်စင်တည်ဆောက်နေမှု၊ မနောကွင်း မှတစ်ဆင့် ရိုးရာယဉ်ကျေးမှုကော်မတီက ဆောင်ရွက်သွားမည့် ဘောလုံးကွင်းမြေနေရာနှင့် ကားကြီး ကွင်းတည်ဆောက်မည့် မြေနေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါရပ်ကွက်အတွင်း ပိုင်ရှင် ဦးခေါင်ခင်၏ မိသားစုတစ်ပိုင်တစ်နိုင် MSME လုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မုန်ညှင်းဆီစက်လည်ပတ်ကြိတ်ခွဲနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအို‌ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေး ဒေသတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမည့် အစီအစဉ်များနှင့် ဆီစက်များကို ခေတ်မီစက်များဖြင့် ပြောင်းလဲကြိတ်ခွဲနိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ)ဝင်းအတွင်း ယာယီကိန်းဝပ် ပူဇော်ခံလျက်ရှိသော စကျင်ကျောက်တော်ဖြင့် ထုဆစ်ကြည်ညိုထားသည့် မာရဝီဇယပုံတူ ရုပ်ပွားတော်မြတ်နှင့် ပလ္လင်တော်တို့အား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ထိုမှတစ်ဆင့် ကောင်ကထောင်ရပ်ကွက်အတွင်း ပိုင်ရှင်ဦးအားခီ၏ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသဝက်၊ ကြက်၊ ဘဲ၊ ဆိတ်များ စီးပွားဖြစ် မွေးမြူအောင်မြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ခြံပိုင်ရှင်မိသားစုထံ မွေးမြူရေး အထောက်အကူပြု ဆေးဝါးပစ္စည်းများ၊ ခြံဖျန်းပိုးသတ်ဆေးနှင့် တိရစ္ဆာန်အာဟာရ ဖြည့်စွက်ဆေး များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေကို ချစ်မြတ်နိုးပြီး စာဖတ်သည့် အလေ့အထ ဖြစ်ထွန်းလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကျင်းပသည့် ခရိုင်အဆင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားကို ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူလေးများက ဘက်စုံပညာညရည် ဒို့လှမ်းချီတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံအတွက် အသိပညာအတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာစေရေး၊ အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်နိုင်ရေး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးများ စာဖတ်ရှိန်မြှင့်တင်ရေးကို အလေး ထားဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် လူငယ်စကားဝိုင်းများ၊ စကားရည်လုပွဲများ၊ ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ကျောင်းသားလူငယ်များ မှန်ကန်သည့် အတွေးအခေါ်၊ အတွေးအမြင်နှင့် ဆုံးဖြတ်နိုင်သည့် စွမ်းရည်အလေ့အကျင့်ကျောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စာဖတ်အားကောင်းလာပြီး ဖတ်သမျှ မှတ်မိသည်၊ မည်မျှနားလည်သည်၊ မည်သို့ အသုံးချ နိုင်သည်ဆိုသည့် စံနှုန်းနှင့်အညီ ကလေးများ စာဖတ်ရှိန်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်ကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်း သားရိုးရာအကအလှများ၊ တေးသီချင်းသီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီး ချုပ်က ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် အကအဖွဲ့များ အတွက် ချီးမြှင့်ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းစာ ကြည့်တိုက်နှင့် စာဖတ်ခန်းအတွင်း ကလေးများ စာဖတ်ရှိန်မြှင့်မားရေးအတွက် ဖတ်၊ မှတ်လေ့ကျင့်မှု ဆောင်ရွက်နေသည့် အခြေအနေများနှင့် အိမ်တွင်းမှုနှင့် ကာယပြခန်းများ၊ ပန်းချီနှင့်ဂီတပြခန်း စသည်တို့တွင် ကျောင်းသား/ကျောင်းသူလေးများ၏ စွမ်းရည်ပြသမှုများကို လိုက်လံကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)