ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းမှ ရေဘေးသင့်ခဲ့သည့် အသင်းဝင်စာရေးဆရာများအား ထောက်ပံ့ပစ္စည်းများနှင့်ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ဆည် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းမှ ရေဘေးသင့်ခဲ့သည့် အသင်းဝင်စာရေးဆရာများအား ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်း နာယက ဦးအောင်မြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်က ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ရသည့် အကြောင်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ရေဘေးသင့်ခဲ့သည့် အသင်းဝင်စာရေးဆရာ (၁၁)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းခွဲတန်ဖိုးရှိ ဆန်(၆)ပြည်နှင့် ငွေကျပ်(၂)သောင်းတို့အား အသင်းနာယက ဦးအောင်မြင့်နှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပြီး စာရေးဆရာ စိုးမြင့်ဒွဏ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းအနေဖြင့် မြင်ချီနိုင်ကျေးရွာနေ ရေဘေးသင့်ပြည်သူများအတွက် တန်ဖိုးငွေ(၁၄)သိန်း နှစ်သောင်းငါးထောင်ကျပ်၊ ထမင်းဗူး(၅၀၀)ဗူး၊ (၁)လီတာရေသန့်ဗူး(၆၀၀)ဗူး၊ ရှားပင်ကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်(၉)သောင်းခွဲတန်ဖိုးရှိ ဆန်အိတ်(၅)ပိုင်းတို့အား လှူဒါန်းခဲ့ကြောင်းနှင့် လိုအပ်သည့် ရေဘေးသင့်ကျေးရွာများသို့ ငွေကျပ်(၉)သောင်းခွဲတန်ဖိုးရှိ ဆန်အိတ်(၆)ပိုင်းနှင့် ငွေကျပ်(၅)သိန်းခွဲအား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)