မော်လမြိုင် စက်တင်ဘာ ၁၉
မွန်ပြည်နယ်အနေဖြင့် (၂၃)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမသို့ ရောက်ရှိခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အနုပညာရှင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးနှုတ်ဆက်ခဲ့ကာ မဟာဇာနက္ကဇာတ်တော်ကြီး ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် မွန်ပြည်နယ်မှ မဟာဇာနက္ကဇာတ်တော်ကြီးကို ပါဝင်ယှဉ်ပြိုင်မှာဖြစ်သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြိုင်ပွဲသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် (၂၃)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် မော်လမြိုင်မြို့၊ ဒေါက်တာလှဘေပညာပါရမီစာကြည့်တိုက်တွင် အဆိုဘာသာရပ်လေ့ကျင့်မှုများကိုလည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အတီးဘာသာရပ်လေ့ကျင့်နေမှုများကိုလည်းကောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် အကဘာသာရပ်လေ့ကျင့်နေမှုများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်များအနေဖြင့် ထူးချွန်ထက်မြက်သည့် ဝါသနာရှင်၊ ပညာရှင်များ ပေါ်ထွက်လာရေးနှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စည်သူ(ပြန်/ဆက်)