သာစည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ကုန်းစီးရေဝင်ရောက်မှုနှင့် တောင်ကျချောင်းရေများ ဝင်ရောက်မှုတို့ကြောင့် ပျက်စီးသွားသော ကျေးလက်လမ်းပိုင်းများတွင် ကျေးလက်နေပြည်သူများ လတ်တလောသွားလာရေး အဆင်ပြေစေရန် ကျောက်ရောမြေခင်းခြင်းများကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ၌ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းမှ ထူးတွင်းကုက္ကိုပင် ကျေးလက်လမ်းပိုင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော လမ်းပိုင်းနေရာများအား စက်တင်ဘာ ၁၇ ရက်က စတင်၍ ကျောက်ရောမြေခင်းခြင်းကို စက်ကိရိယာများဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလမ်းသည် အကျိုးပြုအိမ်ခြေ ၃၀၀ ကျော်ရှိကြောင်းနှင့် ထူးတွင်း၊ ကုက္ကိုပင်၊ အုတ်ကုန်း၊ ရွှေတုတ်ကုန်း၊ နတ်မြောင်းကျေးရွာများမှ ဆက်သွယ်သွားလာနေသော ကျေးရွာချင်းဆက်လမ်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အခြားသောပျက်စီးသွားသည့် ကျေးလက်လမ်းပိုင်းများတွင်လည်း ကျေးလက်နေပြည်သူများ လတ်တလောသွားလာရေး အဆင်ပြေစေရန် ကျောက်ရောမြေခင်းခြင်းများကို အမြန်ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)