ကျောက်ပန်းတောင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောက်ပန်းတောင်း စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို၊ လေးရွာအခြေခံပညာအထက်တန်းကျောင်း  စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်က အားကစားနှင့်ကျန်းမာရေးဆိုင်ရာများ၊ အားကစားလိုက်စားခြင်းအားဖြင့် ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှုများနှင့် အားကစားဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်သည့် နိုင်ငံသားကောင်းများဖြစ်စေရန်တို့ကို ရှင်းလင်းဟောပြောသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ကလေးအလုပ်သမားပပျောက်ရေးအကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးကိုလည်းကောင်း အသိပညာပေးဟောပြောကြပြီး၊ မြို့နယ်အားကစားမှူးက အားကစားပစ္စည်း ပေးအပ်လှူဒါန်းရာ ဆရာမတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းက အေရိုးဗစ်ကစားနည်းနှင့် Fitness Dance ကစားနည်းများကို ကျောင်းသား/ ကျောင်းသူလေးများနှင့်အတူ ကျောင်းရှေ့ကွင်းပြင်တွင် လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်နှင့်အတူ ကျောင်းသား၊ ကျောင်းသူ ၈၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)