ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းဖြင့် အခမဲ့သယ်ယူပို့ဆောင်ပေး

ရန်ကုန် စက်တင်ဘာ ၁၉

မြန်မာအမျိုးသားလေကြောင်း(MNA)အနေဖြင့် ရေဘေးသင့်ပြည်သူများထံသို့ ကူညီထောက်ပံ့လှူဒါန်းထားသော ကယ်ဆယ်ရေးပစ္စည်းနှင့် ဆေးဝါးများကို ပြည်တွင်း ၊ ပြည်ပ လေယာဉ်ခရီးစဉ်များဖြင့် အခမဲ့သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့သယ်ယူပို့ဆောင်ပေးရာတွင် တိုင်ဖွန်းမုန်တိုင်းရာဂီ၏သက်ရောက်မှုကြောင့် မြန်မာနိုင်ငံရှိရေဘေးသင့်ဒေသများအတွက် AHAC entre မှ ပေးပို့သည့်ကယ်ဆယ်ရေးပစ္စည်းအလေးချိန် ၅၅၆၀ ကီလိုဂရမ်ကို ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁ နာရီ ၁၂ မိနစ်တွင် Humanitarian Cargo Flight, Boeing 737-800F (9M-WCA) ဘန်ကောက်-ရန်ကုန်(UB-2020) ခရီးစဉ်ဖြင့် သယ်ဆောင်ပေးခဲ့သည်ဟု MNA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် စက်တင်ဘာ ၁၅ ရက်တွင် စင်ကာပူ-ရန်ကုန်ခရီးစဉ် UB-002 ဖြင့် အဝတ်အထည်များနှင့် အခြားလိုအပ်သည့်ပစ္စည်းများ အလေးချိန် ၄၇၉ ကီလိုဂရမ်ကိုလည်းကောင်း၊ စက်တင်ဘာ ၁၆ ရက်တွင် ကူညီကယ်ဆယ်ရေးပစ္စည်းအလေးချိန် ၁၉၇ ကီလိုဂရမ်ကိုလည်းကောင်း သယ်ဆောင်ပေးခဲ့ကြောင်း၊ ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကယ်ဆယ်ရေးပစ္စည်းများ အဆင်ပြေမြန်ဆန်စွာကူညီပို့ဆောင်ခြင်းနှင့်ပတ်သက်၍လည်း ဆက်လက်ကူညီအားဖြည့်သွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းမှသိရသည်။

အောင်မြင့်(ပြန်/ဆက်)