ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လှိုင်က မြို့နယ်အတွင်းသန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းတက်ရောက်မည့် သင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး သင်တန်းကိုစတင်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးကျော်ခင်ဦးက သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂၀၂၄ သန်းခေါင် စာရင်း ကောက်ယူရေးအစီအမံများခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးပို့ချခဲ့သည်။
သင်တန်းတွင် သင်တန်းနည်းပြဆရာမသုံးဦးတို့က သင်တန်းသား/ သင်တန်းသူ ဆရာ၊ ဆရာမ ၃၂ ဦးတို့အား မြို့နယ်အတွင်းသန်းခေါင်စာရင်းကောက်ယူရာတွင် ဆောင်ရွက်ရမည့် အချက်အလက်များအား သက်ဆိုင်ရာ သင်ခန်းစာ ခေါင်းစဥ်အလိုက် စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ ဆွေးနွေးပို့ချ သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ မြို့နယ်အဆင့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသား/သူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)