မိုင်းယောင်း စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့ ညနေ ၅ နာရီခွဲက ခရိုင်နှင့် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့၏ အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်မှု၊ မြို့နယ်အတွင်း ကုန်းမြင့်ဒေသအနီး၊ မြစ်ငယ်၊ ချောင်းငယ်အနီးတွင် နေထိုင်ကြသူများအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးသီးနှံများ ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရေးအတွက် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေက သဘာဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီအလိုက် စုဖွဲ့ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ဆွေးနွေးပြောကြားပြီး ခရိုင်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း