နေပြည်တော် စက်တင်ဘာ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ ဗလငါးတန်နှင့် ပြည့်စုံ၍ ထူးချွန်ထက်မြတ်သော လူရည်ချွန်များဖြစ်လာစေရန်၊ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိသတ်အရှေ့၌ ပြောဆိုဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် စသည်ဖြင့်ပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက လူငယ်စကားဝိုင်း ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-9 ကျောင်းသူ မယဉ်ငြိမ်းမြတ်က “လူငယ်နှင့်နည်းပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မပြည့်ဖြိုးဝေက “လူငယ်နှင့်မျိုးချစိတ်ဓာတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ရွှေထူးနိုင်က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မသဒ္ဒါဖြူက “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်းအသီးသီးဆွေးနွေးကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။ ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူငယ်ရေးအရာ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)