တာချီလိတ် စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းသို့ တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာမည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ်မှ ဝင်ရောက်လာမည့် မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်အတွင်း ဖြစ်ပေါ်လာနိုင်၍ တောင်ပေါ်၊ တောင်စောင်းမြေပြိုရန် အန္တရာယ်ရှိသည့်နေရာများ ချောင်းကမ်းဘေး၊ မြစ်ကမ်းဘေးတွင် နေထိုင်သူများလက်ရှိနေရာများမှ အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး၊ ပြောင်းရွှေ့မည့်သူများအနေဖြင့် ဆန်ရိက္ခာ၊ ဆေးဝါး၊ ရေနှင့် လိုအပ်သည်များ နှစ်ပတ်စာစီစဉ်ယူဆောင်ကြရန်၊ ပြည်သူများအနေဖြင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့ပါက အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းနှင့် မိုးလုံလေလုံအားကစားခန်းမတို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပါကြောင်းတို့အား အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးလတ်