ပင်းတယမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ပင်းတယ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ရွာငယ်ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများအား " ပညာရွှေအိုး လူမခိုး "အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပေးပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပေးခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများမှ ကလေးအလုပ်သမားပပျောက်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများကလည်း ကျောင်းသား/ကျောင်းသူများအား "လက်ရှိလောက တည်မြဲဖို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစို့" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)