လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှကြီးမှူး၍ကျင်းပသော ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို အမှတ်(၂)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အားကစားခန်းမတွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်(၉)နာရီ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်မူဝါဒများချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့်တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုမြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်ကောက်ယူသွားမည်ဖြစ်၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားသတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း၊ သန်းခေါင်စာရင်းဆိုတာ လူဦးရေဆိုင်ရာစာရင်းအင်းများ၊ စီးပွားရေး၊ လူမှုရေးတို့ကိုတစ်နိုင်ငံလုံး(သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူသောလုပ်ငန်းဖြစ်ပြီး ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို လူသားအရင်း အမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်မှာဖြစ်ပြီး CAP လို့ခေါ်သည့်နည်းပညာ Tablet အသုံးပြုပြီး ကောက်ယူမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းမှန်ကန်စေရေးတို့အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းကိုလည်း မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးခိုင်မင်းကိုက အဖွင့်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့အစည်းများ၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၃၅၉)ဦးတို့ တက်ရောက်လျက်ရှိကြပြီး သင်တန်းကာလမှာ ၁၇-၉-၂၀၂၄ ရက်နေ့မှ ၂၈-၉-၂၀၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)