ဘီးလင်း စက်တင်ဘာ ၁၉
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘီးလင်းမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်က အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ဖြင့် သင်တန်းနည်းပြဆရာ၊ ဆရာမ(၁၀)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၁၂၈)ဦးတို့အား ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူအောင်၊ မြို့နယ်စီမံအဖွဲ့ဝင်ဗိုလ်မှူးနေယုအောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမင်းတင်နှင့်တပ်ဖွဲ့ဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)