ပုဇွန်တောင် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်လှစ်ရာသို့ ဗိုလ်တထောင်ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌဦးအောင်လွင် လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်ခရိုင်သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်သည် မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက် သင်တန်းသူ/သင်တန်းသားများအား တွေ့ဆုံ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်နည်းပြသင်တန်း၊ အထူးနည်းပြသင်တန်း၊ ခရိုင်နည်းပြသင်တန်းများပို့ချပေးခဲ့ပြီး ယခုမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်ပို့ချပေးသွားမည်ဖြစ်၍ နိုင်ငံဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း မှာကြားခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်စာရင်းစစ်/စာရင်းကောက်သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာများမှ သင်တန်းသား/သင်တန်းသူ(၅၇)ဦးဖြင့် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများ၊ လုပ်ငန်းစဉ်များ၊ စာရင်းစစ်၊ စာရင်းကောက်အခန်းကဏ္ဍများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ လူဦးရေဆိုင်ရာအချက်အလက်များ စသည့်သန်းခေါင်စာရင်းကောက်ယူခြင်း ဆိုင်ရာများနှင့်ပတ်သက်၍ စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်