မိတ္ထီလာ စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့(၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ထည့်သွင်းကျင်းပသည့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက အဆိုပါစေတီတော်အနီးကန်ရေပြင်နှင့် မုခ်ဦးအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဦးစွာ ဗိုလ်လုပွဲကိုကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ဝါးတန်းအောင်ခန့်အသင်းအား ဗိုလ်ကံသန်းစော အသင်းကလည်းကောင်း၊ အမျိုးသားအငယ်တန်းပြိုင်ပွဲတွင် အောင်စည်သာအသင်းအား ကောင်းပြည့် မောင်မောင်အသင်းကလည်းကောင်း၊ အမျိုးသားအကြီးတန်းပြိုင်ပွဲတွင် ဝါးတန်းအောင်ခန့် (က)အသင်းအား ဇာတိသွေးအသင်းကလည်းကောင်း အသီးသီး အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီးပြိုင်ပွဲ ပထမဆု ဗိုလ်ကံသန်းစော၊ ဒုတိယဆု ဝါးတန်းအောင်ခန့်၊ အမျိုးသား အငယ်တန်းပြိုင်ပွဲ ပထမဆု ကောင်းပြည့်မောင်မောင်၊ ဒုတိယဆု အောင်စည်သာ၊ တတိယဆု ရွှေခြံမောင်၊ အမျိုးသား အကြီးတန်းပြိုင်ပွဲ ပထမဆု ဇာတိသွေး၊ ဒုတိယဆု ဝါးတန်းအောင်ခန့် (က)၊ တတိယဆု စတားမောင်မောင် အသင်းများ၏ ပြိုင်ပွဲဝင်အား ကစားသမားများထံသို့ ဆုကလပ်နှင့် ဂုဏ်ပြုဆုငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းရေးကော်မတီဥက္ကဋ္ဌ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအား စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပခဲ့ပြီး အမျိုးသမီးပြိုင်ပွဲဝင် ၅ သင်း၊ အကြီးတန်းပြိုင်ပွဲဝင် ၆ သင်းနှင့် အငယ်တန်းပြိုင်ပွဲဝင် ၂ဝ သင်း စုစုပေါင်းပြိုင်ပွဲဝင်လှေအသင်း ၃၁ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လှေပြိုင်ပွဲအား လာရောက်ကြည့်ရှုသူများက စည်ကားသိုက်မြိုက်စွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ