ဝမ်းတွင်းမြို့နယ်ကြက်ခြေနီမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့

ဝမ်းတွင်း စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်း-ခွဲမှ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ခြင်းကို မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်အတွင်း (၁၁.၉.၂၀၂၄)ရက်နေ့မှ (၁၄.၉.၂၀၂၅)ရက်နေ့အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့်ကျေးရွာများအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ရန် မြို့နယ်ကြက်ခြေနီအသင်း-ခွဲမှ ဦးရဲထွဋ္ဌ်ခိုင်ဦးစီး၍ ကြက်ခြေနီ စေတနာလုပ်အားရှင်များက စုပေါင်းဆောက်ရွက်ခဲ့ကြပြီး အလှူရှင်များဖြင့်ပူးပေါင်းကာ ရေဘေးသင့်ကျေးရွာများအတွက် လိုအပ်လျက်ရှိသော စောင်၊ မိုးကာ၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ဖာများ၊ မုန့်မျိုးစုံ၊ ရေသန့်ကတ်၊ ကလေးစီး- လူကြီးစီးဖိနပ်များ၊ ဆပ်ပြာ၊ သွားတိုက် ဆေး၊ သွားတိုက်တံ၊ ဆေးဝါးများ၊ ကျားဝတ်၊ မဝတ်အင်္ကျီများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ချိုးရေခွက်၊ ဖယောင်းတိုင်၊ မီးခြစ်များကို တာဝန်ရှိသူများနှင့်ချိတ်ဆက်ကာ ကျေးရွာများအရောက် သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းခြင်းကိုမြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်ဟောင်းများ၊ ပြည်တွင်းပြည်ပအလှူရှင်များ၊ ရန်ကုန်-မန္တလေးမြို့နှင့် အခြားမြို့များမှ အလှူရှင်များနှင့်ပူးပေါင်းကာ သွားရောက်လှူဒါန်းခဲ့သည့်ကျေးရွာများအနေဖြင့် မြင်းကျကန်ကျေးရွာ၊ ဆူးပန်းကျေးရွာ၊ ရိုးစုံ ကျေးရွာ၊ သပြေသာကျေးရွာ၊ ကြွယ်ကန်ကျေးရွာ၊ စွန်ချောင်းရွာ၊ သရက်ကန်ကျေးရွာ၊ တောင်ကိုင်းကျေးရွာတို့ဖြစ်ပြီး လှူဒါန်းမှုတန်ဖိုးအနေဖြင့် ကျပ်(၃၉၇)သိန်း ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ရေဘေးသင့်ကျေးရွာများအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးရဲထွဠ်ခိုင်ထံမှ သိရသည်။

ကိုရဲ(ဝမ်းတွင်း)