ဒဂုံတောင် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၁၀၅)ရပ်ကွက်ရှိ အစိုးရနည်းပညာကောလိပ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အဆင့်နည်းပြများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့်တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တောင်ဒဂုံမြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ယူနိုင်သည့် ရပ်ကွက်၊ ကျေးရွာများ၌ မထပ်မကျန်ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌဦးသန်းနိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးညီဇော်ဌေးထံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ်နှစ်ဆယ့်ရှစ်သိန်းတိတိကို ပေးအပ်ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့်သန်းခေါင်စာရင်းနည်းပြသင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၅၈)ဦး တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင်