ချောင်းဆုံ စက်တင်ဘာ ၁၉
၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ(၁၇)ရက်နေ့ နံနက် ၉ နာရီက ချောင်းဆုံမြို့နယ် အ.ထ.က (ချောင်းဆုံ) ကျောင်း သီရိရတနာခန်းမတွင်ကျင်းပသည်။
အခမ်းအနားတွင် ချောင်းဆုံမြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ရှင်းရွှေက သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ သဘောတရားကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းလုပ်ငန်း ပြည်သူ့လှုံ့ဆော်ရေးပစ္စည်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကပေးအပ်ရာ ရပ်ကွက်/ ကျေးရွာတိုက်နယ်အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းတွင် စာရင်းစစ်/ စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများ/ သဘောတရားများကို နည်းပြဆရာ၊ ဆရာမ(၃)ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၆၂) ဦး တို့အား စက်တင်ဘာ (၁၇)မှ (၂၈) ရက်နေ့အထိ (၁၀) ရက်ကြာ စာတွေ့/ လက်တွေ့ပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်နေ့အထိ မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု (၄၇) အုပ်စုမှ စာရင်းကောက်ကွက် (၁၇၂) ကွက်တို့ကို Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)