ဒက္ခိဏသီရိမြို့နယ်၊ Diamond Stars Education Centre (Private High School)၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကိုစက်တင်ဘာလ ၁၇ ရက်နေ့ ၁၀ နာရီအချိန်က Diamond Stars Education  Centre (Private High School)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာ “မွန်ထရီရယ်‌ နောက်ဆက်တွဲစာချုပ်အောင်မြင်ဖို့ ရာသီဥတု‌ပြောင်းလဲမှု တိုက်ဖျက်‌ရေး တိုးမြှင့်ဆောင်ရွက်စို့”  ဖြစ်ပြီး လူသားတို့၏ ကျန်းမာရေးနှင့်နေ့စဉ်နေထိုင်မှုဘဝအတွက် သန့်ရှင်းသောလေရရှိရေးသည် အရေးကြီးကြောင်း၊ လေထုညစ်ညမ်းမှုသည် လူသားများ၏ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များကို သန့်ရှင်းသောလေထု၊ စိမ်းလန်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များအား လက်ဆင့်ကမ်းအမွေပေးသွားနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လေထုညစ်ညမ်းမှုကြောင့် လူသားများ၏ ကျန်းမာရေး၊ ရှင်သန်ရပ်တည်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိလာစေရေး၊ စာအုပ်စာပေများလေ့လာဖတ်ရှုပြီး ဗဟုသုတများရရှိလာ‌စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆွေဆွေသွယ်က “အိုဇုန်းလွှာထိန်းသိမ်းကာကွယ်မှုဖြင့် ရာသီဉတုပြောင်းလဲမှု ထိန်းသိမ်းကာကွယ်စို့ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိများမေးမြန်းခဲ့ကြပြီး ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် Diamond Stars Education  Centre ( Private High School)မှ ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ လူငယ်ရေးအရာအသိပညာပေးနံရံကပ်စာစောင်များအား  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြပြီး ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး‌နေ့အထိမ်းအမှတ်အနေဖြင့် သစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)