မဟာအောင်မြေ စက်တင်ဘာ ၁၈
မန္တလေမးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် ကျောင်းသား/ သူများဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အားလပ်တဲ့အချိန်မှာ စာပေတွေကို လေ့လာစေလိုကြောင်း၊ ပညာသည်အိုသည်မရှိ ပညာတတ်မြောက်မှသာ အမှားအမှန်ဝေဖန်နိုင်မည်ဖြစ်ကြောင်း၊ စာကိုကြိုးစားသင်ယူသင့်ကြောင်း၊ အကောင်းအဆိုးခွဲခြားတတ်စေရန် စသည့်အကြောင်းအရာများ ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လက်ထောက်ဦးစီးမှူး ဦးသန့်ဇင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အကြောင်းအရာ များကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးရှီးမွန်က လူငယ်နှင့်အားကစား အကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးညီဝင်းသူက လူငယ်နှင့်ပညာရေး ခေါင်းစဉ်ကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်(တွဲဖက်)က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လက်ထောက် ဦးစီးမှူး ဦးသန့်ဇင်က၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အကြောင်းအရာပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်အားကစားမှူး ဦးရှီးမွန်ကလည်း အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ အမှတ်(၁၄) အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး (ကိုယ်စား)ဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။
ယင်းနောက် ဆရာ/ဆရာမများ၊ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကိုလည်း ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီးအမှတ်(၁၄) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဆရာတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အောင်ဇော်မင်း