တာမွေမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် တာမွေမြို့နယ်သန်းခေါင်စာရင်းကော်မတီမှ စီစဉ်ဖွင့်လှစ်သော မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်းနှင့်ဦးထွန်းမြတ်လမ်းထောင့်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်မှူး ရဲမှူးကောင်းနိုင်၊ တာမွေမြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူ ဆရာဆရာမများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်မှူးရဲမှူးကောင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော စာရင်းစစ်/စာရင်းကောက် ဆရာ/ဆရာမများအား သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များသည် မြို့နယ်အဆင့် သင်တန်းနည်းပြများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာသုတေသနပြုပြီး လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan MSDP) အကောင်အထည်ဖော်ရာတွင် လိုအပ်သော အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်၊ မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ် (National Statistical System)၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics- NSDS) အထောက်အပံ့ပြုနိုင်ရန်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မြန်မာနိုင်ငံမှာ ရှေးအစဉ်အဆက်ကတည်းက ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ကောက်ယူလာခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ နောက်ဆုံးကောက်ယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၃၁ နှစ်ကြာပြီးမှ ၂၀၁၄ ခုနှစ်မှာ ပြန်လည်ကောက်ယူနိုင်ခဲ့တာဖြစ်လို့ ၁၀ နှစ်ပြည့်မြောက်တဲ့ ၂ဝ၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ထပ်မံကောက်ယူရန် စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင် ( ပြန်/ဆက် )