မြောက်ဥက္ကလာပ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးစံသိန်းက သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာအကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာသဘောတရားများကို နည်းပြဆရာ၊ ဆရာမ ၂၂ ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၃၅၅ ဦးအား စက်တင်ဘာ ၁၇ မှ ၂၈ ရက်နေ့အထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့၌ စာရင်းကောက်ယူရာတွင် မြောက်ဥက္ကလာပ မြို့နယ်အတွင်းရပ်ကွက် ၁၉ စု၊ ကောက်ကွက်ပေါင်း ၆၃၀ ကွက်တို့၌ စာရင်းစစ် ၅၃ ဦး၊ စာရင်းကောက် ၂၂၁ ဦး၊ စေတနာ့ ၀န်ထမ်း ၈၁ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျစာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)