ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေး စိုက်ပျိုးထုတ်လုပ်သွားမည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား စက်တင်ဘာ ၁၈

ကချင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ကချင်ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုရှိသော်လည်း စားသုံးဆီဖူလုံမှု မရှိသေးပါကြောင်း၊ နှစ်စဉ်ဆီထွက်သီးနှံ စိုက်ပျိုး မှုရှိသော်လည်း ထုတ်လုပ်မှု ရာခိုင်နှုန်းအားဖြင့် နည်းပါးနေသေးသည်ကို တွေ့ရှိပါကြောင်း၊ သို့ဖြစ်ပါ ၍ ပြည်နယ်အတွင်း ခရိုင်နှင့် မြို့နယ်အလိုက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပုတ် စသည့်တို့ကို စိုက်ပျိူးဧကတိုးချဲ့စိုက်ပျိူးနိုင်ရေး၊ လိုအပ်သည့် သွင်းအားစုများထဲမှ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေ ရရှိရေးတို့ကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် တောင်သူများအား စဉ်ဆက်မပြတ် စည်းရုံးဆောင်ရွက်သွားရေး၊ ချေးငွေတိုးမြင့် ရရှိရေးတို့ကို မိမိတို့ အနေဖြင့် ပံ့ပိုးကူညီပေးရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးအပြင် ထုတ်လုပ်မှုမြင့်မားရေးအတွက်သမဝါယမအသင်းအဖွဲ့များ၊ ပုဂ္ဂလိကပိုင် အဆင့်မြင့်ဆီစက်များကို တည်ထောင်နိုင်ရေး ကြိုးစားကူ ညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပြည်နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် တိုးချဲ့စိုက်ပျိုးနိုင်‌ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆီစက် လုပ်ငန်းရှင်များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဆီကုန်သည်ကြီးများအသင်း၊ စိုက်ပျိုး ရေးတောင်သူများနှင့် ကုန်စည်ဒိုင်အသင်းတို့မှ တာဝန်ရှိသူများက ပြည်နယ်အတွင်း နှစ်အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများ၊ ဒေသနှင့် ကိုက်ညီပြီး ပန်းတိုင်အထွက်တိုး ရရှိနိုင်သည့် သီးနှံအခြေအနေများ၊ မြို့နယ်အလိုက် နှစ်စဉ်လျာထားသတ်မှတ်၍ တိုးချဲ့စိုက်ပျိုးနိုင်သည့် အခြေအနေများ၊ မျိုးကောင်းမျိုးသန့်မှာယူ စုဆောင်းနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်မှုရှိစေရေးနှင့်ချေးငွေဆိုင်ရာကိစ္စရပ်များ၊စားအုန်းဆီဖြန့်ဖြူးသိုလှောင်ရောင်းချလျက်ရှိသည့် အခြေအနေများ၊ ဆီထုတ်လုပ်မှု ကုန်ကြမ်းလိုအပ်ချက် အခြေအနေများ၊ စိုက်ပျိုးရာတွင် ပံ့ပိုးကူညီပေးရမည့် အစီအစဉ်များ၊ ဆီစက်များ တိုးချဲ့တည်ထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ပံ့ပိုးကူညီဖြည့်ဆည်းပေးရမည့်ကိစ္စရပ်များ၊ ခေတ်မီဆီစက်များ တိုးချဲ့တည်ထောင်ပြီး နှစ်အလိုက် လျာ ထားသတ်မှတ်ချက်ပြည့်မီအောင် ထုတ်လုပ်ဖြန့်ဖြူးနိုင်‌ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)