ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲကျင်းပ

ဒဂုံမြောက် စက်တင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း စာရင်းစစ်စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက (၃၅)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း‌ကျောင်းခန်းမတွင် ကျင်းပရာ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌သန်းဝင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူရာတွင် CAPI နည်းစနစ်ဖြင့် ကောက်ယူသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ကောက်ယူမည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက စာရင်းစစ်စာရင်းကောက် ၇၅၄၄ ဦး ခန့်အပ်တာဝန်ပေးရန် လျာထားခဲ့ခြင်းဖြစ်ပြီး နည်းပြသင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်ပေးခဲ့ရာ ယခုဖွင့်လှစ်သည့် မြို့နယ်အဆင့်စာရင်းစစ် စာရင်းကောက်သင်တန်းသည် မြေပြင်တွင် လက်တွေ့ကွင်းဆင်းဆောင်ရွက်ရမှာဖြစ်ပြီး အခြေခံအကျဆုံး၊ အဓိကအကျဆုံးနှင့် အရေးကြီးသည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသား/သူများ အလေးထားသင်ယူကြရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် မြေပြင်တွင် ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ပြီး သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန လက်တွေ့ဆောင်ရွက်ကြရမှာဖြစ်ပြီး အရည်အချင်းပြည့်ဝသော စာရင်းစစ်စာရင်းကောက်များအဖြစ် နိုင်ငံတော်မှ ပေးအပ်သော အမျိုးသားရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် သင်ခန်းစာများကို ကြိုးစားသင်ယူမှတ်သားကြရန်လိုကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများအား သန်းခေါင်စာရင်းဆိုင်ရာအမှတ်တရလက်ဆောင်များ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်းသိရသည်။

အဆိုပါ မြို့နယ်အဆင့်သန်းခေါင်းစာရင်းစာရင်းစစ် စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၉၉) ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မြင့်ရီ