ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် လမ်းမတော်မြို့နယ်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ဖို့အတွက်အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ ကောက်ယူသွားမှာဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားသတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းဆိုတာ လူဦးရေနှင့် လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စာရင်းအင်းများ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာတို့ကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူသော လုပ်ငန်းဖြစ်ပြီး လုပ်ငန်းပမာဏကြီးမားသလို ငွေကြေးကုန်ကြမှုလည်းများပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာငွေအရင်းအမြစ် စွမ်းအားဖြင့်သာ ဆောင်ရွက်နေကြတာဖြစ်ပြီး CAPI လို့ခေါ်သည့်နည်းပညာနဲ့ Tablet အသုံးပြုပြီး ကောက်ယူသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးအတွက်လည်း အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း၊ ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတက်မည့် သင်တန်းသူ/သင်တန်းသားမျာက မိမိတို့တာဝန်ယူလုပ် ဆောင်ရမည့်လုပ်ငန်းများအား တစ်ဦးခြင်းမိတ်ဆက်ခဲ့ကြသည်။ သင်တန်းကာလမှာ ၁၇- ၉-၂၀၂၄ မှ ၂၈-၉-၂၀၂၄ အထိဖြစ်ပြီး အခမ်းအနားတက်ရောက်သူနှင့် သင်တန်းသား/ သင်တန်းသူ (၅၂) ဦး စုစုပေါင်း (၂၀၀) ဦး တက်ရောက်ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်