ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ် ၈၉ ရပ်ကွက်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျများခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမှာဖြစ်သည့်အတွက် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်ရသူများအားလုံး အလွန်တာဝန်ကြီးမားကြောင်း၊ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က မြို့နယ်လဝကဦးစီးမှူးဦးအေးကျော်အား ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကိုကိုကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊ မြို့နယ်ပညာရေးမှူးဒေါ်အေးမာလွင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးအေးကျော်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ သင်တန်းသူသူတန်းသားများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းသင်တန်းကို (၁၇.၉.၂၀၂၄)ရက်နေ့မှ (၂၈.၉.၂၀၂၄)ရက်နေ့အထိ (၁၀)ရက်ကြာ ခရိုင်အဆင့်နည်းပြသင်တန်းမှ ဆရာ၊ ဆရာမ ၁၅ ဦးတို့က သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သူ ၂၁၃ ဦးတက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)