ပူတာအိုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်

ပူတာအို စက်တင်ဘာ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက်  မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၁၇)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဆွေဦးက သင်တန်းဖွင့်လှစ် ရခြင်း၏ရည်ရွယ်ချက်များကိုရှင်း လင်းပြောကြားကာ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သု့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဗိုလ်မြင့်က သင်တန်းသား/သူများ သင်တန်းတက်ရောက်စဉ်နှင့် စာရင်းကောက်ယူစဉ်ကာလအတွင်း ရရှိမည့်ခရီးစရိတ်၊ တည်းခိုစရိတ်နှင့် နေ့တွက်စရိတ်များ ခံစားရရှိမည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်များ၊ လက်တွေ့မြေပြင်တွင် စာရင်းကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် ကျောင်းဆရာ/မများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား/သူစုစုပေါင်း(၆၀)ဦးတို့အား စက်တင်ဘာ(၁၇)ရက်မှ (၂၈)ရက်နေ့အထိ သင်တန်းကာလ(၁၀)ရက်ကြာ ခရိုင်အဆင့် သန်းခေါင်စာရင်းသင်တန်းတွင် တက်ရောက်ခဲ့သည့် နည်းပြများက စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)