ကြည့်မြင်တိုင် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြဝတ်ရည်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ကြောင်း၊ သန်ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကာလတွင် ပျက်ကွက်မှုမရှိဘဲ သင်တန်းတက်ရောကြစေလိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ စာရင်းစစ်၊ စာရင်းကောက်များအတွက် ခန့်အပ်လွှာများပေးအပ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား သန်းခေါင်စာရင်းကောက်ယူရေးအတွက် နှိုးဆော်စာများပေးအပ်ခြင်းကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ၁၃၂ ဦးတို့တက်ရောက်ကြပြီး သင်တန်းကာလကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)