သထုံမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

သထုံ စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၉ နာရီအချိန်က သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက သင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု၊ စိတ်စေတနာကောင်းများတို့ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း အမှာစကားပြောကြားပြီး စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများကိုပေးအပ်ရာ တွဲဖက်တာဝန်ခံ မြို့နယ်ပညာရေးမှူးဒေါ်သန်းဆင့်က လက်ခံရယူသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှထုတ်ပေးသည့် သန်းခေါင်စာရင်းကောက်ယူရာ၌ အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ သင်တန်းတက်ရောက်ကြမည့်သူတို့က လက်ခံရယူခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သထုံမြို့နယ်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၁၄၃ ဦးတို့အား သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများ၊ လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်းများ၊ ပဟေဠိအမေးအဖြေများစသည်တို့အား အမှတ်(၂)အခြေခံပညာအထက်ကျောင်း၌ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်