ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာ ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက် ပြုလုပ်

ပေါင် စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင် လှူဒါန်းပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက် ကျင်းပတင်လှူဒါန်းခဲ့ရာ ယမန်နေ့နံနက်(၄)နာရီမှစတင်၍ ပေါင်မြို့နယ် ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိ ဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားရှင်အား သင်္ဘောပေါ်၌ အသီးနှင့်လှူဖွယ်ပစ္စည်းအမျိုးအမည်တစ်ထောင်ကျော် တင်လှူပူဇော်ခဲ့​ကြောင်း သိရသည်။

မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို အလွန်လေးနက်ကိုင်းရှိုင်းသော လူမျိုးဖြစ်သည်နှင့်အညီ(၁၂)လရာသီပွဲများနှင့် ကောင်းမှုကုသိုလ်အမြဲကျင်းပလေ့ရှိကြသည်။ တော်သလင်းလပြည့်နေ့တွင် ရပ်ရွာ၊‌ ဒေသတိုင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းတို့တွင် မိမိတို့စွမ်းနိုင်သမျှ လုပ်အားအလှူငွေဖြင့် သင်္ဘောတစ်စီးတည်ဆောက်ကာ ဆွမ်း၊ တံခွန်၊ ကုက္ကား၊ ပန်း၊ နံ့သာ၊ သစ်သီး၊ ကွမ်း၊ ဆီမီးစသော အမျိုးအမည်တစ်ထောင်‌ကျော်ရှိ လှူဖွယ်ဝတ္ထု အမျိုးမျိုးတို့ဖြင့် ယင်းသင်္ဘော၏ ကုန်းပတ်ပေါ်တွင် တင်လှူပူဇော်ခဲ့ကြသည်။ မွန်လူမျိုးတို့၏ ရိုးရာဓလေ့အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည့် ရာမညတိုင်းမွန်ဒေသရှိ ရပ်ရွာဒေသတိုင်းမှာ ဆွမ်းတော်တစ်ထောင်(ခေါ်)ဆွမ်းတော်ကြီးတင်လှူပွဲကို တော်သလင်းလဆန်း(၁၄)ရက်နေ့ညနေပိုင်းမှ လှူဖွယ်ပစ္စည်းများကို အိမ်တိုင်းက တင်လှူပူဇော်မည့်နေရာသို့ ကြိုတင်သွားရောက်ကာအရုဏ်တက်အမီ ဆွမ်းတော်တင်လှူပွဲ ပြုလုပ်နိုင်ရန် ရိုးရာမပျက်တက်ကြွစွာပါဝင်နွှဲပျော်ကာ ကောင်းမှုကုသိုလ်တော် ပြုလုပ်နေကြသည်ကို ယခုတိုင်အောင်တွေ့မြင်နေရပါသည်။

မွန်ဆိုရိုးစကားအရ သင်္ဘောပျောက် အန္တရာယ်ကျရောက်နေသည့် ရဟန်းသံဃာတော်များအား ဘေးရန်ခပ်သိမ်းကင်းငြိမ်းစေလိုသော ရည်ရွယ်ချက်ဖြင့် ဆွမ်းတော်ကြီးတင်ပွဲကို ပြုလုပ်ရခြင်းဖြစ်သည်။ထို့ပြင်တော်သလင်းလပြည့်နေ့မှာ မွန်ဘာသာခေါ် (သဘင်လံင်ကလေင် ဍာ်သဲာ ကဝ် သကြ ) စတုမဓူ ဆွမ်းလောင်းလှူပွဲလည်း ကျင်းပလေ့ရှိကြောင်းသိရသည်။

မွန်မလေး (ပြန်/ဆက်)