ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားကျင်းပ

တာမွေ စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားကို စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ ပြည်လမ်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သဘင်ဆောင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပြိုင်ပွဲကျင်းပပြီးစီးခဲ့မှုနှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားရှိမှုအား တင်ပြခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဂုဏ်ပြုတေးဖြစ်သော တေးရေးလင်းတေဇ ရေးစပ်သည့် “ငွေရတုတိုင်ရွှေဆုပိုင်သည့် တိုင်း ရန်ကုန်" တေးသီချင်းဖြင့်လည်းကောင်း၊ “ ပဒေသရာဇာတေးမဟာ ” အစီအစဉ်ဖြင့်လည်းကောင်း၊ ဝါသနာရှင် (ပထမတန်းအဆင့်) အက(မ)ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒေါ်ဖူးဧကရီဆောင်းက အကဖြင့်လည်းကောင်း၊ အခြေခံပညာအဆင့်ကဗျာလွတ်အကပြိုင်ပွဲတွင် ဆုရရှိသော ကဗျာလွတ်အကအဖွဲ့က ကဗျာလွတ်အကဖြင့်လည်းကောင်း၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသား) ဆိုင်းအဖွဲ့လိုက် ပြိုင်ပွဲတွင် ဆုရရှိသော မောင်ဟိန်းမေတ္တာနှင့်အဖွဲ့က ဆိုင်းအတီး ဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ကပြဖျော်ဖြေပေးခဲ့ကြသည့် ဖျော်ဖြေရေး အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ပြိုင်ပွဲများတွင် သက်ဆိုင်ရာဘာသာရပ်များအလိုက် ထူးချွန်ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး မဟာဇနက္ကဇာတ်တော်ကြီးမှ ဇာတ်ဝင်ခန်းကောက်နုတ်ချက်ဖြင့် တင်ဆက်ခဲ့ကြပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဖျော်ဖြေရေးအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး(၂၅)ကြိမ်မြောက်၊ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးဦးစီးကော်မတီသို့ ‌တိုင်းဒေသကြီးအောင်နိုင်ရေးအလံအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများသည် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များနှင့် ထူးချွန်ဆုရရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)