ကျိုက်ထို စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်က သင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု၊ စိတ်စေတနာကောင်းများတို့ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးမောင်မောင်ဌေးက သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၇၉)ဦးတက်ရောက်ပြီး နည်းပြ(၆)ဦးမှ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ (၁၀)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်