ပျော်ဘွယ် စက်တင်ဘာ ၁၈
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင် က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းနှင့်မူဝါဒများ ချမှတ်နိုင်ရန်အတွက် အရေးကြီးသောလူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များရရှိနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် အခက်အခဲများကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ ဖြစ်ပေါ်လာသည့်အခက်အခဲများကို မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီထံသို့ အချိန်နှင့်တစ်ပြေးညီတင်ပြရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများ သန်းခေါင် စာရင်းကောက်ယူရာတွင် အသုံးပြုရမည့်ဆက်စပ်ပစ္စည်းများကို မြို့နယ်သန်းခေါင်စာရင်းကော်မီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၁၂)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများဖြစ်သည့် ဆရာ၊ ဆရာမ(၂၄၁) ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)