ကျိုက်မရော စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မြို့နယ်အဆင့် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်းဝင်း၌ ပြုလုပ်သည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက သဘာဝဘေးအန္တရာယ် ဇာတ်တိုက် လေ့ကျင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးတင်သောင်းဦးက မုန်တိုင်းသတိပေးအရေးပေါ်တုံပြန်ချက်(အညိုရောင်)အဆင့်သတင်းအား ကျေးလက်နေပြည်သူများသိရှိနိုင်ရန် အသံချဲ့စက်ဖြင့်ကြေညာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်းဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်များ၊ မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း ကျန်ရှိသူများကို ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိထားသူများအား ရှေးဦးသူနာပြုစုပေးခြင်းနှင့် အရေးပေါ်လူနာများအား ဆေးရုံဆေးခန်းသို့ လူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခြင်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့သည်။ အဆိုပါ မုန်တိုင်းဘေးဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနော်ခမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျေးရွာပြည်သူများ စုစုပေါင်း(၈၅)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)