နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေး ခန်းမ (၂)၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးမြင့်စိုး၊ ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သဘာ‌ဝ‌ဘေးအန္တရာယ်ဖြစ်ပွားပြီးချိန်တွင် ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူပြီး အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု‌ကော်မတီသို့ တင်ပြနိုင်‌ရေး၊ ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ  ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)