ခရမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်လှစ်

ခရမ်း စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ် (၂) ရပ်ကွက်၊ သကျမာရိဇိန်ကြေးသွန်းဘုရားဝင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရမ်းမြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မယ့်တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အောက်တိုဘာ (၁) ရက်နေ့မှစတင်၍ ကောက်ယူသွားမှာဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားသတ်မှတ်ကာ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းဆိုတာ လူဦးရေနှင့်လူဦးရေဆိုင်ရာအကြောင်းအရာ၊ စာရင်းအင်းများ၊ စီးပွားရေး၊ လူမှုရေးအကြောင်းအရာတို့ကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုတွင် လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းကောက်ယူသောလုပ်ငန်းဖြစ်ပြီး လုပ်ငန်းပမာဏကြီးမားသလို ငွေကြေးကုန်ကြမှုလည်းများပါကြောင်း၊ ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ဘဏ္ဍာငွေအရင်းအမြစ်စွမ်းအားဖြင့်သာ ဆောင်ရွက်နေကြတာဖြစ်ပြီး CAPI လို့ခေါ်သည့် နည်းပညာနဲ့ Tablet အသုံးပြုပြီး ကောက်ယူသွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းမှန်ကန်စေရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးမောင်မောင်သန်းက မြို့နယ်အတွင်း မြို့ပေါ်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူရမည့်ကောက်ကွက်များ၊ သင်တန်းနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းများ၊ လုပ်ဆောင်ရမည့်တာဝန်များအား ရှင်းလင်းဆွေးနွေး၍ သင်တန်သားများထံ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရမ်းမြို့နယ်သန်းခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူ (၁၅၇) ဦး၊ တက်ရောက်ကြပြီး သင်တန်းအား စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရမ်း (ပြန်/ဆက်)