ဝမ်းတွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ဝမ်းတွင်း စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဝမ်းတွင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဝမ်းတွင်းမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ဝမ်းတွင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် အိမ်ထောင်စု(၅၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေသားများ၊ ရေဘေးကြောင့် သေဆုံးသူ(၄)ဦးအတွက် ထောက်ပံ့ကြေးငွေ(၁၂)သိန်း၊ ကိုင်းကျေးရွာအုပ်စုရှိ ရွှေကူကြီးဓမ္မာရုံ ယာယီရေဘေးရှောင်စခန်းတွင် ရွှေ့ပြောင်းထားရှိသည့် ရေဘေးသင့်ပြည်သူ (၂၀၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေများကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအေးနိုင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ရေဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ကြသည်။

ထောက်ပံ့ပေးအပ်မည့် တန်ဖိုးမှာ ငွေသားစုစုပေါင်း ကျပ် ၁၀,၇၈၄,၃၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၅၀) ပုံးတို့ဖြစ်ပြီး ကျန်ရှိနေသေးသည့် ရေဘေးသင့်ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)