မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေး နှီးနွှယ်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ၊ မြို့နယ်စာရေး ဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာအခြေပြုဘာသာရေးနှီးနွှယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နာယက ဆရာတော်ဘဒ္ဒန္တသုမနက အဖွင့်ဩဝါဒါမိန့်ကြားသည်။ ၎င်းနောက် မိတ္ထီလာအခြေပြု ဘာသာရေးနှီးနွှယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ထီလာလိတ်ဗျူးဟိုတယ်ပိုင်ရှင် ဦးသန်းစိုးက အမှာစကားပြောကြားပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲအမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲကို ဘာသာရေးနှီးနွှယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ ၂၆ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဆက်လက်၍ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မိတ္ထီလာအခြေပြု ဘာသာရေးနှီးနွှယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် တာဝန်ရှိသူများအားဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)