ပြင်ဦးလွင် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းများအား မြေပြင်၌ ကွင်းဆင်းသွားရောက်ပြီး အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရေးအတွက် သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်းနှင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားတဲ့တာဝန်များကို မိမိတို့ရဲ့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများနှင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သန်းခေါင်စာရင်းဆိုင်ရာ TV Spot ပြသပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးနေလင်းက သင်တန်းသားတစ်ဦးအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် တာဝန်ရှိသူများမှ သင်တန်းအထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားမှုအား လိုက်လံကြည့်ရှုကြသည်။
အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းအား စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ( ၉ )နာရီမှ ညနေ (၄) နာရီအထိ မြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၄၃) ဦးကို နည်းပြဆရာ (၁၈) ဦးတို့ဖြင့် သင်တန်းကာလ (၁၀) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)