စစ်တွေ စက်တင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် သန်းခေါင်းစာရင်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်ပြီး (၁၅) ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲ လမ်းညွှန်မှု၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၊ သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လွန်ခဲ့သည့်(၃)နှစ်ကတည်းက စတင်၍ အချိန်ယူဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပညာများ တိုးတက်လာခြင်းကြောင့် ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် မတူဘဲ နည်းပညာအသုံးပြု စာရင်းကောက်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် တစ်နိုင်ငံလုံး၏ စာရင်းကောက်ကွက် မြေပုံများဖွဲ့စည်းခြင်း၊ CAPI စနစ်တည်ဆောက်ခြင်းနှင့် စာရင်းကောက်ယူမည့် Application ရေးသားခြင်း၊ မေးခွန်းပုံစံနှင့် လက်စွဲစာစောင်များ ပြုစုပုံနှိပ်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် အသုံးအဆောင်များနှင့် လူထုအသိပညာ ပေးပစ္စည်းများ ဖြန့်ဝေပေးခြင်း အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်ခြင်းစသော ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ပြီးဖြစ်၍ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း စာရင်းစစ်၊ စာရင်းကောက်များခန့်ထားခြင်း၊ သန်းခေါင်စာရင်း သင်တန်းအဆင့်ဆင့်ဖွင့်လှစ်၍ စီမံဆောင်ရွက်ထားပြီးဖြစ်သကဲ့သို့ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အနေဖြင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နည်းပြသင်တန်းများဖွင့်လှစ်ခဲ့ပြီး ယခုမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူမည်ဖြစ်သည့်အတွက် အောင်မြင်အောင်ကောက်ယူနိုင်ရေး၊ အရည်အသွေးပြည့်ဝသော သန်းခေါင်စာရင်းဖြစ်အရန်တွက် ယခုသင်တန်းကို ကြိုးကြိုးစားစား လေ့လာသင်ယူမှတ်သား ကြရန်မှာကြားလိုကြောင်း၊ သင်တန်းကဆွေးနွေးပို့ချချက်များ၊ မိမိတို့၏အတွေ့အကြုံများဖြင့် ပေါင်းစပ်ပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် အကောင်းဆုံး ဆောင်ရွက်နိုင်ရန် နည်းပြအရာရှိများနှင့် သင်တန်းကာလတွင် အပြန်အလှန် ဆွေးနွေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် နည်းပြများ၊ သင်တန်းသားများ အနေဖြင့် ပေးအပ်ထားသော တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင် အောင် ဆောင်ရွက်ကြရန်ပြောကြားသည်။
ဆက်လက်၍ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးစောနိုင်က စာရင်းစစ်၊ စာရင်းကောက် ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက စာရင်းစစ်များအား သင်တန်း အထောက်အကူပြုပစ္စည်းများကို ပေးအပ်ကြသည်။ ထို့နောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းပြည်သူလူထု အသိပညာ ပေးလှုံဆော်ရေး MTV အားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၄၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလ (၁၀) ရက်ကြာမြင့်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)