နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ရပ်ကွက်၊ ပြည်သူများ၏ အိမ်တို့ကို ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံမီးသတ်၊ အရန်မီးသတ်ပရဟိတအဖွဲ့များ၊ နေပြည်တော်လူငယ်အဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရဲမိုး၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေလွှမ်းမိုးမှုအခြေအနေများနှင့်ပတ်သက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျစုဖွဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး စသည့်လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အချိတ်အဆက် မိမိဖြင့် စီမံဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက နေပြည်တော်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊နေပြည်တော်လူငယ်ရေးရာအဖွဲ့နှင့် ပရဟိတအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြစေလိုကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများမှ ပထမဆုံးအနေဖြင့် အသက်ကယ်ဆယ်ရေးလုပ်ငန်း၊ ဒုတိယအနေဖြင့် ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေး၊ တတိယအနေဖြင့် ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်နိုင်ရေး အစရှိသည်တို့ကို နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာများက ဝိုင်ဝန်းပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း၊ နေပြည်တော်အတွင်း ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး၊ ကာကွယ်ရေးလုပ်ငန်းများ၊ လယ်ဝေးမြို့နယ်၊ လေဘေးကယ်ဆယ်ရေးလုပ်ငန်းတို့တွင် ပြည်သူလူထုအကျိုးကို ပရဟိတ စိတ်ဓာတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီပေးခဲ့မှုကိုလည်း သတိတရမှတ်တမ်းတင်ဂုဏ်ပြုခဲ့ပါကြောင်း၊ ယခုကြုံတွေခဲ့ရသည့် ရေဘေးကိစ္စများတွင်လည်း ပြည်သူများ ဘေးလွတ်ရာသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအပြင် အဟာရစားစရာများ၊ ရိက္ခာများကြောင့်ကြမှုမရှိအောင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် စေတနာရှင်၊ အလှူရှင်များမှ ဝိုင်းဝန်းလှူဒါန်းမှုတို့ကို စီစဉ်သယ်ပို့၍ မလာရောက်နိုင်သည့်နေရာများသို့ ပို့ဆောင်ကူညီပေးမှုတို့ကြောင့်လည်း ပြည်သူများအနေဖြင့် စိတ်ချမ်းမြေ့စရာများဖြစ်ရပါကြောင်း၊ ဆက်လက်ပြီး ရေကျသွားပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် စာရင်းကောက်ယူခြင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သေဆုံး၊ ပျက်စီးကိစ္စများကို ထောက်ပံ့ပေးအပ်ရန်၊ လတ်တလော စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်နှင့် ပစ္စည်း (၅)မျိုး ထောက်ပံ့ပေးအပ်ရန်၊ အိုးအိမ်/အဆောက်အဦ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတို့နှင့် ရေများပြန်လည်ကျဆင်းသွားပါက ကျန်းမာရေးနှင့်ညီညွတ်သော သောက်သုံးရေများအတွက် ဆေးခပ်ခြင်း၊ ဆေးဖျန်းခြင်း၊ ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ မိမိတို့အသင်းအဖွဲ့များမှ လူအင်အား၊ မော်တော်ယဉ်အင်အားနှင့် စက်ကိရိယာတို့ဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ ကူညီကယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရှင်လင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်များက သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)