ကျောက်တလုံးကြီး စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ကျောက်တလုံးကြီးမြို့ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးမြို့နယ် လက်ထောက်မြို့နယ်မှူး ဦးဇော်မြင့်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကျောက်တလုံးကြီးနယ် မြေစခန်းမှူး ရဲအုပ်ဇေလတ်နှင့် အ.ထ.က ကျောင်းအုပ်ကြီး ဒေါ်ခင်အေးလွင်တို့က သင်တန်းသား/သူများအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းသို့ စာရင်းစစ် ၁၂ ဦး၊ စာရင်းကောက် ၄၄ ဦး၊ သင်တန်းသား/သူ စုစုပေါင်း ၅၆ ဦး တက်ရောက်ကြကြောင်းနှင့် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း