နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကော်မတီများအနေဖြင့် စီမံချက်ပါအတိုင်း လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရေး၊ ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်များနှင့် သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရန် စီမံဆောင်ရွက်ပေးရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စနစ်တကျစုဖွဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးနှင့် စာသင်ကျောင်းများ အမြန်ဆုံးဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်းများ မှန်ကန်တိကျစွာရရှိရေး၊ ရေဘေးသင့်ပြည်သူများ မူလနေထိုင်နေရာများသို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဦးစားပေးဆောင်ရွက်ရေး၊ တက်ရောက်လာသော တာဝန်ရှိသူများမှ လိုအပ်သောအကြံဉာဏ်များပေးပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)