မြင်းခြံ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက မြင်းခြံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးအောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မဲစာရင်းပြုစုရာတွင် အရေးကြီးသည့် ကိန်းဂဏန်းအချက်အလက် မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းမှ ရရှိသည့် လူဦးရေစာရင်းသည် မှန်ကန်သည့် မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့်လုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို (၁-၁၀-၂၀၂၄)ရက်နေ့မှ (၁၅-၁၀-၂၀၂၄) ရက်နေ့အထိ (၁၅)ရက်ကြာ ကောက်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်ကြမည့် စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့်လည်း သတ်မှတ်ထားသည့် သန်းခေါင်စာရင်းမေးခွန်းများကို သတ်မှတ်ပုံစံအတိုင်း မြေပြင်ကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယခုလို သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးအောင်က ပြောသည်။
အဆိုပါ သင်တန်းကို သင်တန်းသား/သင်တန်းသူ (၈၁) ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို (၁၇.၉.၂၀၂၄) ရက်နေ့မှ (၂၈.၉.၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)