ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်ကြီး- လွိုင်လင်သွားလမ်း၌ မြေပြိုလမ်းပိတ်နေသည့်နေရာများသို့ ရှင်းလင်းနေမှု ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၀ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေကြီး  ရေလျှံမှုနှင့် မြေပြို၍လမ်းပိတ်ဆိုမှုဖြစ်ပွားသော  တောင်ကြီး- လွိုင်လင်သွားလာမှုနေရာများအား ရှင်းလင်းနေမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လမ်းပိတ်ဆို့မှုဖြစ်ပွားသည့် တောင်ကြီး-လွိုင်လင်သွားလမ်းခေါင်းနွဲ့ ကျေးရွာအနီး လမ်းမိုင်ဆိုင်အမှတ် ၁၆၁/၁ ၊ ၁၆၁/၇၊ ၁၆၂/၀ ၊ ၁၆၂/၂ ၊ ၁၆၃/၃ တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုလမ်းပိတ်နေမှုအား လမ်းဦးစီးဌာနနှင့် နေမင်းရောင်လမ်းပြင်ဆင်ထိန်းသိမ်းရေး ကုမ္ပဏီတို့က ရှင်းလင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လမ်းပိတ်ဆို့မှုရှင်းလင်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးက ယာဉ်သွားယာဉ်လာ ပုံမှန်သွားလာနိုင်ရေးအတွက် အချိန်မီပြီးစီးရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)