ပျဉ်းမနား စက်တင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှုရေး အကြောင်းအရာများကို တစ်နိုင်ငံလုံး(သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုအတွင်း၌ရှိသည့် လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းတွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူ(De Facto) နည်းလမ်းဖြင့် ကောက်ယူမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Tablet များဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) နည်းပညာအကူအညီဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ အိမ်ထောင်စုအလိုက် မေးခွန်းပုံစံ(၆၈)ခုနှင့် အဖွဲ့အစည်းအလိုက် မေးခွန်းပုံစံ(၁၈)ခုဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များ၊ သန်းခေါင်စာရင်း ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းစစ်စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာ၊ ပညာရေးအကြောင်းအရာ (အသက် ၃ နှစ်နှင့်အထက်)၊ လုပ်သားအင်အားအကြောင်းအရာ (အသက် ၅ နှစ်နှင့်အထက်)၊ မွေးဖွားခြင်းအကြောင်းအရာ (အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှုအကြောင်းအရာ (အသက် ၅ နှစ်နှင့်အထက်)၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်းအကြောင်းအရာစသည့် ခေါင်းစဉ်များဖြင့် သင်တန်းနည်းပြများက စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း(၁၅၇)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)